ဟင်္သာတမြို့နယ် အင်္ဂရမ်းအုပ်စု၊ အလက လက်ပံစုစာသင်ကျောင်းရဲ့ ကျောင်းသားအိမ်သာနံရံမှာ ပေကျံနေတဲ့ရွှံ့စေးတွေကို အလယ်တန်းပြ ဆရာမဖြစ်တဲ့ ဒေါ်မြမြသွယ်က တွေ့သွားပြီး ဘယ်သူ လုပ်ထားတာလဲမေးကာ အဖြေမရတဲ့အတွက် ကျောင်းသားအားလုံး (သုံးဆယ်ဝန်းကျင်)ကို ခေါ်ပြီး၊ လျှာနဲ့ ယက်ခိုင်း ခဲ့တာလို့ သိရပါတယ်။အဲဒီလို အိမ်သာနံရံမှာ ကပ်နေတဲ့ ရွှံ့စေးတွေကို ယက်ခိုင်းတဲ့အကြောင်း အိမ်ပြန်ရောက်ရင် မိဘတွေကို ပြန်မ ပြောကြဖို့၊ ပြန်ပြောခဲ့ရင် ကျောင်းရောက်လာတဲ့အခါ ရိုက်နှက်မယ်လို့လည်း အဲဒီဆရာမက ခြိမ်းခြောက်ခဲ့တယ် လို့ ဆိုပါတယ်။
အဲဒီဖြစ်စဉ်ကို ကျောင်းသားမိဘတွေသိသွားတဲ့အခါ ဆရာမထံ သွားပြောရာ တိုင်ချင်ရာတိုင်ကြဆိုပြီး တုန့်ပြန်ပြောဆိုခဲ့တယ်လို့လည်း နောက်ထပ် ကျောင်းသားမိဘတဦးလည်းဖြစ်၊ ကျောင်းကော်မတီဝင်တဦးလည်းဖြစ်တဲ့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။လက်ရှိမှာတော့ ကျောင်းသားမိဘတွေတိုင်ပင်ပြီး ကျောင်းအုပ်ဆရာမထံ ဖုန်းဆက်တိုင်ကြားထားကာ ကျောင်း အုပ်ဆရာမက တနင်္လာနေ့ကျရင် ညှိနှိုင်းပေးမယ်လို့ ပြောထားကြောင်း သိရပါတယ်။ ဒါပေမယ့် ညှိနှိုင်းမှုအဆင် မပြေရင်တော့ အထက်ပညာရေးရုံးတွေဆီ တိုင်ကြားသွားမယ်လို့ ကျောင်းသားမိဘတွေက ပြောကြပါတယ်။ကျောင်းသားတွေကို အိမ်သာနံရံယက်ခိုင်းခဲ့တဲ့ ဆရာမ ဒေါ်မြမြသွယ်ကို ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပြီး လတ်တလောမှာ တာဝန်ကျ လက်ပံစု အနောက်ရွာမှာ မရှိဘူးလို့ သိရပါတယ်။အလကလက်ပံစုနောက်ကျောင်းမှာ ကျောင်းသူ၊ ကျောင်းသားဦးရေ စုစုပေါင်း ခြောက်ဆယ်ရှိတယ်လို့ သိရပါပြီး ဆရာမဒေါ်မြမြသွယ်က ကျောင်းသား ၃၀ ကျော်ကို အိမ်သာနံရံပေါ်က ရွှံ့တွေကို လျှာနဲ့ယက်ခိုင်းခဲ့တာ ဖြစ်ပါတယ်။



