YBS ယာဉ်လိုင်းများပေါ်တွင် ခရီးသည်များအတွက် ခါးပိုက်နှိုက်အန္တရာယ်သတိပြုနိုင်ရန် မီးဖြင့်သတိပေးကာ အချက်ပြလုပ်ဆောင်လာကြောင်း ဘတ်စ်ကားဖြင့် နေ့စဉ်စီးနင်းသွားလာသူများထံမှ သိရသည်။ရန်ကုန်မြို့တွင် နေ့စဉ်သွားလာရေးအတွက် လူအများစုအသုံးပြုနေရသည့် YBS ခရီးသည်တင်ယာဉ်များပေါ်တွင် ခါးပိုက်နှိုက်အန္တရာယ် မကြာခဏဆိုသလို ခပ်စိပ်စိပ်ကြုံတွေ့နေရခြင်းကြောင့် ယခုနောက်ပိုင်း YBS ယာဉ်လိုင်းအချို့မှ ခါးပိုက်နှိုက်အန္တရာယ်ကာကွယ်ရန် ကြိုတင်သတိပေးသည့်အနေဖြင့် ယာဉ်အတွင်းရှိ မီးများကိုဖွင့်လိုက်ပိတ်လိုက်လုပ်ကာ အချက်ပြခြင်း၊ ဘတ်စ်ကားမိုက်ကရိုဖုန်းမှတစ်ဆင့် သတိပေးခြင်း၊ ကားအဆင်းအတက်နေရာများတွင်လည်း သတိထားရန်စာလုံးကြီးကြီးရေး၍ စတစ်ကာများဖြင့် အသိပေးဖော်ပြလာခြင်းတို့ကို ပိုမိုလုပ်ဆောင်လာကြသည်။
နေ့စဉ် YBS စီးနင်းသည့် ခရီးသည်များမှလည်း မိမိတို့တွင်ပါရှိသည့် တန်ဖိုးကြီးပစ္စည်းများကို သေချာသိမ်းဆည်းပြီး စိတ်နှင့်ကိုယ် အမြဲကပ်နေသင့်ကြောင်း၊ ရုံးတက်ရုံးဆင်းချိန်များတွင် ခါးပိုက်နှိုက်မှုများ ပိုမိုများပြားလာခြင်းကြောင့် အတက်အဆင်း နေရာများတွင် သတိပိုမိုထားရန်လိုအပ်ကြောင်း၊ YBS စီးနင်းရာတွင် ပိုက်ဆံသုံးစွဲခြင်းထက် YPS ကတ်စနစ်များကို ပိုမိုသုံးစွဲသင့်ကြောင်းစသဖြင့် တာဝန်ရှိလူကြီးများ က သတိပေးနှိုးဆော်ထားခြင်းများရှိသည်။ခရီးသည်တွေ ခါးပိုက်နှိုက်အန္တရာယ်ဘေးကင်းဖို့အတွက် အခုနောက်ပိုင်းယာဉ်တွေမှာ အချက်ပေးစနစ်တွေ များများတပ်ဆင်ဖို့လိုတယ်။ အဲဒါမှ ခရီးသည်တွေလည်း စိတ်အေးလက်အေးစီးနိုင်မှာ။ ပြီးတော့ ယာဉ်လိုင်းတွေလည်း ပိုမိုတိုးပေးသင့်တယ်။ လိုင်းဆွဲတဲ့ကားအစီရေ တအားနည်းတော့ ရုံးတက်ရုံးဆင်းချိန်ဆို လူတအားကျပ်တယ်။ သူခိုးဂျပိုးတွေအတွက် အကြိုက်ကို ဖြစ်နေတာပေါ့။ ယာဉ်များများနဲ့ သတိပေး စနစ်တွေနဲ့ဆို ခါးပိုက်နှိုက်အန္တရာယ်လည်း တော်တော်လျော့သွားမယ်လို့ ထင်တယ်"ဟု နေ့စဉ် YBS စီးနင်းသွားလာနေသူ တစ်ဦးက အကြံပြုပြောဆိုထားသည်။


