သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကကြီးမှူး၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆက်ကပ်လှူဒါန်းပူဇော်သည့် (၃၇)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို မန္တလေးမြို့အောင်မြေသာစံမြို့နယ်ရှိ မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီး ၌ ဖေဖော်ဝါရီ ၁၀ ရက် တွင် ဆက်ကပ်လှူဒါန်းပူဇော်ပွဲကို ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်သည်။အဆိုပါ အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၆ ရက် မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အခမ်းအနားကျင်းပရေးဦးစီးကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများမှတာဝန်ရှိသူများ၊ဖိတ်ကြားထားသူများတက်ရောက် ကြသည်။(၃၇)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင် အခမ်းအနားတွင်ဓမ္မာစရိယအထူးအောင်(၄)ပါး၊ပါဠိပထမပြန်အထူးအောင်(၁၆)ပါး၊ ဓမ္မာစရိယပါဠိဂုဏ်ထူး (၁)ပါး၊ ဓမ္မာစရိယမြန်မာဂုဏ်ထူး (၁၃)ပါး၊ ဓမ္မာစရိယ(ရိုးရိုး)အောင်(၁,၁၄၇)ပါးတို့အားဘွဲ့တံဆိပ်တော်အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းပူဇော်သွားမည်ဖြစ်ပြီးအဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်စာမေးပွဲ တစ်ပြည်လုံးတွင်ဆုရရှိသူ လူပုဂ္ဂိုလ်(၉)ဦးတို့အား အောင်လက်မှတ်များနှင့် ဆုများချီးမြှင့်သွားမည်ဖြစ်ပါကြောင်း၊ ယခင်နှစ်များက ကျင်းပပြီးစီးခဲ့သည့် အတွေ့အကြုံများအပေါ် ပြန်လည်သုံးသပ်ကာ ဆောင်ရွက်ရမည့်ကဏ္ဍများ အလိုက် အားနည်းချက်များမရှိစေရန် ဝိုင်းဝန်းပူးပေါင်းကာ စနစ်တကျကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။



