လက်ကျန်လရောင်ဝတ္ထုကို ရုပ်ရှင်ရိုက်ဖို့ ကျွန်မ ဘယ်သူ့ကိုမှရောင်းထားခြင်းမရှိဟု ဆရာရေးဆရမ ပုညခင်က သူမ၏facebook pageတွင် ကြေညာထားကြောင်ူ သိရပါသည်။"လက်ကျန်လရောင်ဝတ္ထုကို ရုပ်ရှင်ရိုက်ဖို့ ကျွန်မ ဘယ်သူ့ကိုမှရောင်းထားခြင်းမရှိပါဘူး ။ ရုပ်ရှင်ရိုက်ဖို့ ဇာတ်လမ်းတွဲရိုက်ဖို့ ကျွန်မကို ကမ်းလှမ်းခဲ့တဲ့ ရုပ်ရှင်ထုတ်လုပ်သူ ၅ဦးရှိပါတယ် ။ တချို့က အောင်မြင်တဲ့ရုပ်ရှင်ကားတွေ ထုတ်လုပ်ခဲ့တဲ့ထုတ်လုပ်သူတွေဖြစ်ပြီး တချို့က ရုပ်ရှင်လောကကိုစတင်ဝင်ရောက်မယ့်စီးပွါးရေးလုပ်ငန်းရှင်တွေဖြစ်ပါတယ် ။ ကျွန်မဝတ္ထုကို တန်ဖိုးထားနှစ်သက်စွာကမ်းလှမ်းခဲ့တဲ့အတွက် ထုတ်လုပ်သူအားလုံးကိုကျေးဇူးတင်ပါတယ် ။ ဒါပေမဲ့ ဒီနေ့ စာနယ်ဇင်းဆရာတစ်ဦးနဲ့တွေ့တော့ လက်ကျန်လရောင်ဝတ္ထုကိုဝယ်ဖို့ကမ်းလှမ်းဖူးသူပြင်ပလုပ်ငန်းရှင်တစ်ဦးက လက်ကျန်လရောင်ကိုငွေကြေးဘယ်လောက်ပမာဏပေးပြီး ရုပ်ရှင်ရိုက်ဖို့ဝယ်ယူထားပြီးဖြစ်တယ်လို့ စာနယ်ဇင်းဆရာကိုပြောဆိုကြောင်း အံ့ဩမင်သက်စွာ သိရပါတယ် ။ ဒါ့ကြောင့် ကျေးဇူးပြုပြီး သတင်းမှားတွေ မပြောဆိုဖို့မေတ္တာရပ်ခံပါတယ် ။ စာပေအနုပညာကို နှစ်သက်လိုလားတန်ဖိုးထားတဲ့အတွက်တော့ ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ဝတ္ထုတွေကို ရုပ်ရှင်ရိုက်ဖို့မရောင်းတော့တာ ၇နှစ်ရှိပါပြီ ။၂၀၂၆ ခုနှစ်ကစပြီး ကျွန်မရဲ့တချို့သောဝတ္ထုတွေကို ပြန်ရောင်းပေးဖို့ စိတ်ကူးရှိပေမဲ့ လက်ကျန်လရောင်ဝတ္ထုကိုတော့ ပရိသတ်က ရုပ်ရှင်မရိုက်စေချင်တဲ့အတွက်ရော ကျွန်မကိုယ်တိုင်က မြကျေးရုံနဲ့ ရန်ပြေအေး(ဆူးပုပ်)ကို စိတ်ကူးထဲကအတိုင်းလေးပဲ ထားချင်သေးလို့ မရောင်းဘဲ ထားထားတာပါ ။ "ဟု ရေးသားဖော်ပြထားပါသည်။



