အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ဟာ လူမှုကွန်ရက်စာမျက်နှာမှာ ကလေးသူငယ်ရဲ့ဂုဏ်သိက္ခာနဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေတဲ့ အပြုအမူအဖြစ် ဝေဖန်မှုတွေ မြင့်တက်နေတဲ့အတွက် ဇန်နဝါရီ၂၁ရက်က အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့က တာဝန်ရှိသူတွေ ဖြစ်တဲ့ တည်ထောင်သူ ခေါင်းဆောင်မင်းသား အောင်ဇမ္ဗူ၊ မန်နေဂျာ ကိုကျော်ဇေယျနဲ့ လူရွှင်တော်ဖြိုးဖြိုးတို့ကို ဗဟိုသဘင်ရုံးကို ဆင့်ခေါ်ပြီး သဘင်နာယကကြီးတွေ၊ ဥက္ကဋ္ဌနဲ့ အမှုဆောင်တွေ ရှေ့မှောက်မှာ စိစစ်မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ကလည်း ရည်ရွယ်ချက်မရှိဘဲ သတိလက်လွတ်ပြုမူမိခဲ့တဲ့အပေါ် ဝန်ချတောင်းပန်ကာ နောင်မှာ အဲဒီလိုအပြုအမူမျိုး မဖြစ်ပေါ်စေဖို့နဲ့ ထပ်မံဖြစ်ပေါ်ရင် ဗဟိုသဘင်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အပြစ်ဒဏ်ကို ခံယူပါမယ်လို့ ဝန်ခံကတိပြု ခံဝန်လက်မှတ်ရေးထိုးခဲ့တယ်လို့ ဖော်ပြထားပါတယ်။အဲဒါကြောင့် ဇန်နဝါရီ၂၂ရက်မှာ ပြုလုပ်တဲ့ ဗဟိုသဘင်နာယကကြီးတွေ၊ ဥက္ကဋ္ဌနဲ့ အမှုဆောင်တွေရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဒီလိုအပြုအမူမျိုးပြုလုပ်တာဟာ အများပြည်သူနဲ့ လူမှုအသိုင်းအဝိုင်းအတွက် စိတ်မချမ်းမြေ့ဖွယ်ရာအပြုအမူအဖြစ် မြန်မာနိုင်ငံသဘင်အစည်းအရုံးအနေနဲ့ လုံးဝ(လုံးဝ) လက်ခံခြင်းမရှိပါကြောင်းနဲ့ အဲဒီဇာတ်သဘင်အဖွဲ့ကို ပြင်းထန်စွာသတိပေးလိုက်ပါကြောင်း သတင်းထုတ်ပြန်ထားပါတယ်။



