မွန်ပြည်နယ်အတွင်းရှိဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများတွင် လိုင်စင်မဲ့ယာဉ်များ လက်ခံမထားရန်၊ ရဟန်းများ၊ သီလရှင်များ လိုင်စင်မဲ့ မော်တော်ယာဉ်၊ ဆိုင်ကယ်များကို မစီးနင်းကြရန် ပြည်နယ်က အမိန့်ထုတ်ထားသည်။ညွှန်ကြားစာတွင် ဘုန်းကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများတွင် လိုင်စင်မဲ့ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ စီးနင်းခြင်း၊ လက်ဝယ်ထားရှိခြင်း မပြုလုပ်ရန် ပါရှိသည်။ပြည်နယ်အတွင်း လိုင်စင်မဲ့ မော်တော်ယာဉ်၊ ဆိုင်ကယ်များကို မေလ ၃၀ ရက်ကစပြီး မြို့အဝင်၊ အထွက်နေရာများ၊ မြို့တွင်းလမ်းဆုံလမ်းခွများ လူစည်ကားရာနေရာများတွင် ရဲ၊ ယာဉ်ထိန်းရဲတို့ ပူးပေါင်းတပ်ဖွဲ့တို့က စီမံချက်ဖြင့် လိုက်လံဖမ်းဆီးနေသည်။လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးရမိပါက ယာဉ်ကိုသိမ်းဆည်းပြီး ပိုင်ရှင်များကို ပို့ကုန် သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့် အရေးယူနေကြောင်းလည်း ဒေသခံတို့က ပြောသည်။



