မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Jalan Imbi ဧရိယာမှ နိုင်ငံခြားသားအလုပ်သမား အများစုရှိသည့်နေရာများကို ဧပြီ ၁၇ ရက်ညက မလေးရှားအာဏာပိုင်များမှ ဝင်ရောက်စစ်ဆေးမှုပြုလုပ်ရာမြန်မာအပါအဝင် အထောက်အထားမပြည့်စုံသည့် နိုင်ငံခြားသား လုပ်သား ၅၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန Jabatan Imigresen Malaysia ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဖမ်းဆီးခံရသူများမှာ မြန်မာအလုပ်သမား ၄၆ဦး၊ ဘင်္ဂလားဒေ့ရှိ ၁၆၅ ဦး၊ နီပေါ ၁၄၂ ဦး၊ အင်ဒိုနီးရှား ၁၀၉ ဦး၊ ၊ အိန္ဒိယ ၂၅ ဦးနှင့် သီရိလင်္ကာ ၁၉ ဦးတို့ ပါဝင်ပြီး အဖမ်းရသည့်နိုင်ငံခြားသား လုပ်သားများ တွင် အမျိုးသား ၄၄၈ ဦး၊ အမျိုးသမီး ၅၈ဦး ဖြစ်ကာ အသက် ၂၅နှစ်မှ ၆၅နှစ်ကြား ရှိသူများဖြစ်ကြောင်း သိရသည်။ မလေးရှားအစိုးရအနေဖြင့် အထောက်အထားစာရွက်စာတမ်း မရှိဘဲ မှန်ကန်သည့်အထောက်အထားစာရွက်စာတမ်း ကိုင်ဆောင်မထားသည့် နိုင်ငံခြားသားလုပ်သားများကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေဖြင့် ဖမ်းဆီးအရေးယူခြင်းကို ယခုနှစ်ကုန်ပိုင်းအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။



