မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၌ ဒေသတွင်း စားသုံးဆီ ဖူလုံစေရေးနှင့် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် စိုက်ပျိုးခဲ့သော ဆောင်းနေကြာ သီးနှံစိုက်ခင်းများ တစ်ဧကလျှင် ပျှမ်းမျှအထွက်နှုန်း နေကြာတင်း ၂၀ ကျော် ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ဆောင်းနေကြာသီးနှံကို မြို့နယ်အတွင်းရှိ ဒေသခံတောင်သူအချင်းချင်း မျိုးသန့်ပွား သုံးစွဲနိုင်စေရန် ရည်ရွယ်၍ တစ်ကွင်းတစ်စပ်တည်း အကွက်ကျယ် စံပြကွက်များ ရိတ်သိမ်းခြင်းကို ဖေဖော်ဝါရီ ၈ရက်နေ့ နံနက်ပိုင်းတွင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် နေကြာသီးနှံကို အကွက်ကျယ် စိုက်ခင်းများအဖြစ် ဧကပေါင်း ၂၉၇၈၈ ဧကအထိ တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ကြောင်း၊မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက ဆောင်းနေကြာ သီးနှံစိုက်ခင်းများကို စတင်ရိတ်သိမ်းဆောင်ရွက်နေပြီး ထွက်နှုန်းကောင်းမွန်လျက်ရှိကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။



